ရန်ကုန်ရှိ တက္ကသိုလ်ပေါင်းစုံ မွတ်စ္စလင်မ်ကျောင်းသား ကျောင်းသူများ မိတ်ဆုံပျော်ပွဲစား (picnic)ခရီး ၁၉၉၃




ရင်းနှီးပျော်ရွင် မိတ်ဆုံခရီးစဉ်။ ။ ရန်ကုန်စက်မှုတက္ကသိုလ် မွတ်စ္စလင်မ်မိသားစုက ဦးစီးသော ရန်ကုန်ရှိ တက္ကသိုလ်ပေါင်းစုံ မွတ်စ္စလင်မ် ကျောင်းသား ကျောင်းသူများသည် ၁၉၉၃ခုနှစ် ဧပြီလ ၃ရက် စနေနေ့နံနက်ပိုင်းတွင် အောက်ပါ စုရပ်အသီးသီးမှ လှော်ကားဥယျာဉ် သို့ မိတ်ဆုံပျော်ပွဲစားခရီး ရင်းနှီးစွာထွက်ခွာ လာခဲ့ကြပါသည်။
စုရပ်။ ။ ဧပြီလ ၃ရက် နံနက်(၆)နာရီတွင် (ဆူးလေ)ဘင်္ဂါလီဗလီရှေ့၊ ရန်ကုန်တက္ကသိုလ် မာလာဆေင်၊ သဇင်ဆောင်၊ အားကစားရုံ၊ ရန်ကုန်စက်မှုတက္ကသိုလ် ဒူးယားဆောင်နှင့် အခြားသတ်မှတ်ထားသော နေရာများတွင် တာဝန်ခံ ပုဂ္ဂိုလ်များက ကြိုဆို၍ ခရီးစတင်ခဲ့သည်။ ၄င်းခရီးစဉ်တွင် တက္ကသိုလ်အသီးသီးမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပောါင်း(၃၀ဝ)ကျော်မျှ ပါဝင်ကြသည်။


ပါမောက္ခ၏ ဩဝါဒစကား။ ။ လှော်ကားဥယျာဉ် သို့ရောက်ရှိစခန်းချပြီးကျောင်းသား ကျောင်းသူများသည် ပါမောက္ခ၏ ဩဝါဒစကားကို နာခံရန် အတွက် မြက်ခင်းပြင်တစ်ခုတွင် အသီးသီးနေရာယူကြရာ ရန်ကုန်စက်မှုတက္ကသိုလ် ပထမနှစ် ကျောင်းသား စာရေးဆရာ မော်လဝီ မြင့်လွင် (ကျုံဒိုး)က ကွရ်အာန်ကျမ်းလာ တမန်တော်ယူစွဖ်ကဏ္ဍပါ အာယသ်တော်များကို ဖတ်ရွတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးပါသည်။ ဆက်လက်၍ ရန်ကုန်စက်မှုတက္ကသိုလ် ဓာတုအင်ဂျင်နီယာဠာနမှုး ပါမောက္ခ ဒေါ်တာခင်မောင်ဝင်းက ဩဝါဒစကား ပြောကြားပါသည်။ အစီအစဉ်အရ ရန်ကုန်တက္ကသိုလ်ပေါင်းစုံမှ ပျော်ပွဲစားထွက်လာကြသော မွတ်စ္စလင်မ်ညီအစ်ကို မောင်နှမများနှင့် ဆရာ ဆရာမများ တစ်ဦးကို တစ်ဦးက ချစ်ကြည်ရင်းနှီးစွာ မိတ်ဖွဲ့ကြပါသည်။
ဇဟိုရ်ဆွလာသ် ဝတ်ပြုမှု။ ။ ထိုနေ့မွန်းလွဲချိန်တွင် ကျရောက်သော ဇဟိုရ်ဆွလာသ် ဝတ်ပြုချိန်တွင် ဝတ်ပြုရန် တာဝန်ရှိသူ မွတ်စ္စလင်မ် ညီအစ်ကို မောင်နှမများသည် လှော်ကားဥယျာဉ် မြက်ခင်းပြင်တစ်ခုတွင် မော်လဝီ မြင့်လွင် ကဦးဆောင်၍ ဝတ်ပြုကြသည်။
အမှတ်တရ။ ။ မိတ်ဆုံပျော်ပွဲစားခရီး ထွက်ခွာလာကြသော တက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် တစ်ဦးနှင့် တစ်ဦး ချစ်ခင်စွာဖြင့် အမှတ်တရ ပစ္စည်းများလဲလှယ်ခြင်း၊ စကားဖလှယ်ခြင်း၊ စားသောက်ဖွယ်ရာ စုံလင်စွာကို လက်ရေတစ်ပြင်စည်း ရင်းနှီး ခင်မင်စွာ အတူတကွ စားသောက်ကြပြီး၊ ပျှော်ရွင် ကြည်နူးစွာ မိမိတို့အားသန်ရာ ကစားခုန်စားများဖြင့် အေးချမ်း မြူးတူးစွာဖြင့် မွန်းလွဲ ညနေချမ်းအချိန်သို့ တိုင်ခဲ့ပါသည်။
ခရီးစဉ် ပျှော်ရွင်စွာသိမ်း။ ။ နေ့လယ် မွန်းလွဲ နေဝင်ချိန်သို့ ယိမ်းလာခဲ့သော ညနေချမ်း(၄)နာရီခန့် အချိန်တွင် အသီးသီး ပြန်ချိန်တန်ပြီဖြစ်၍ တစ်နေ့တာတွေ့ဆုံမှု ခရီးနိဂုံးချုပ်ခါနီးတွင် စလာမ် မေတ္တာ တုံ့လှယ် နှုတ်ခွန်းဆက်သကြ၍ ဝမ်းသာဝမ်းနည်းဖြင့် နောက်နှစ်ခါတွင်လည်း ဤကဲ့သို့ ကြည်နူး ပျှော်ရွင် ခရီးစဉ်တွင် ပြန်လည်တွေ့ဆုံကြမြတ်ရှင် အလ္လာဟ်ထံ ဆုမွန်ဒိုအာ တောင်းခံရင်းဖြင့် လှော်ကားဥယျာဉ်မှ စုရပ်အသီးသီးတိုသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။ ။

၁၉၉၃ခုနှစ်၊ မေလထုတ် ]အစ္စလာမ့်မျက်ဝန်းစာစောင်}ပါ တက္ကသိုလ်ခင်လွမ်း (ရန်ကုန်တက္ကသိုလ်)၏ ဆောင်းပါးအား ကိုကို(ရန်ကုန်ကွန် ပျူတက္ကသိုလ်)က ပြန်လည်ကူးယူဖော်ပြသည်။

0 comments: